You are here: Home ဆောင်းပါး အထွေထွေဆောင်းပါး နလန်ထ အာဆင်နယ်နှင့် ကစားသမားသစ် (၉) ယောက် အခြေအနေ

Arsenal Myanmar | All of Arsenal fans from Myanmar.

နလန်ထ အာဆင်နယ်နှင့် ကစားသမားသစ် (၉) ယောက် အခြေအနေ

Google könyvjelzőLink megosztása: Del.icio.usTwitterFacebookDigg

အာဆင်နယ်လို့ပြောလိုက်တာနဲ့ တော်တော်များများက ၆ နှစ်ဆက်ဖလားမရမှုကိုပဲ ပြေးမြင်မိကြမှာပါ။ ခေါင်းမာလှတဲ့ နည်းပြကြီးအာဆင်ဝင်းဂါးရဲ့ အပြောင်းအရွှေ့ပေါ်လစီကိုဝေဖန်ဖို့ဟာ ဖလားလက်မဲ့ ၆ ရာသီနဲ့တင်လုံလုံလောက်လောက် ရှိနေပါပြီ။ အသင်းကနေ အကောင်းဆုံးကစားသမားတွေကို ရောင်းထုတ်၊ နာမည်မရှိသေးတဲ့ လူငယ်ကစားသမားတွေကို ဈေးပေါပေါနဲ့ပြန်ဝယ်နေတဲ့ အာဆင်နယ်ဟာ ဖလားလက်မဲ့သံသရာထဲမှာ လှည့်ပတ်နေတာ ၆ နှစ်ရှိခဲ့ပါပြီ။

ဒါပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြား မန်ယူအသင်းကို သမိုင်းဝင်ရှူံးနိမ့်မှုအပြီးမှာ အာစင်ဝင်းဂါးဟာ သူ့ရဲ့မူဝါဒတွေကို လျစ်လျူရှူပြီး အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်မှာမှ အသင့်သုံးနိုင်ဖွယ်ရှိတဲ့ ဝါရင့်ကစားသမားတွေကို ဝယ်ယူခဲ့တာဟာ အာဆင်နယ်သမိုင်းမှာ ရေးကြီးသုတ်ပြာ အဖြစ်ဆုံး အပြောင်းအရွှေ့ဈေးကွက်ဖြစ်စေခဲ့ပါတယ်။

လူငယ်များနဲ့ပြိုင်ပွဲဝင်ပြီး အသင်းကိုဦးဆောင်နိုင်မယ့်လူ ရှားပါးနေတဲ့ အာဆင်နယ်အတွက် ယခုနှစ်ဝယ်ယူမှုတွေဟာ ခေါင်းဆောင်မှုပိုင်းအတွက် အထောက်အပံ့ဖြစ်စေနိုင်ဖို့ ရည်ရွယ်တယ်ဆိုတာ မာတီဆက်ကာ၊ အာတီတာ၊ ပတ်ချူယောင်၊ ဆန်းတို့စ် နဲ့ ဘီနာယောင်တို့ အပြောင်းအရွှေ့တွေက သက်သေခံနေပါတယ်။ ဒီကစားသမားတွေအပြင် လူငယ်အသစ်တွေဖြစ်တဲ့ ချိန်ဘာလိန်၊ ဂျာဗင်ညို နဲ့ ဂျက်ကင်ဆန်၊ အငှားကနေ ပြန်ခေါ်ထားတဲ့ မီယာအီချီ…။ ခြုံပြောရရင်တော့ ဒီနှစ်ဝယ်ယူမှုဟာ ပရိသတ်တွေရဲ့ စိတ်ကူးနဲ့ တစ်ထပ်တည်းမကျရင်တောင်မှ ကျေနပ်ပေးလို့ရနိုင်တဲ့ အခြေအနေမှာရှိခဲ့မှာပါ။

သို့သော်လည်း ဝေဖန်သူများရဲ့အဆိုအရ ယခုနှစ်မှာလည်း အာဆင်နယ်အသင်းမှ ထွက်ခွာသွားတဲ့ ကစားသမားအင်အားနဲ့ ယှဉ်ရင် အသစ်ခေါ်ယူမှုဟာ မလုံလောက်တဲ့ အပြင် နာစရီ၊ ဖာဘရီဂက်စ်လို ကမ္ဘာ့အဆင့်ကစားသမားတွေ နေရာမှာ ဘယ်သူနဲ့အစားထိုးမလဲဆိုတာဟာ မေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အာတီတာအနေနဲ့ အာဆင်နယ်ရဲ့ ကစားကွက်နဲ့ အံဝင်အောင်ကစားနိုင်ပါ့မလား? မာတီဆက်ကာ ဟာလည်း ပရီးမီးယားလိဂ်ကစားဟန်နဲ့ အသားကျနိုင်ပါ့မလား? ဆန်းတို့စ်ကကော အသင်းကြီးမှာကစားဖို့ ကြံ့ခိုင်မှုလုံလောက်ရဲ့လား? ပတ်ချူယောင် ကလည်း မိခင်နိုင်ငံအတွက် စစ်မှုထမ်းဆောင်ရဦးမယ်ဆိုတော့ ဝယ်ယူမှူဟာ တန်ဖိုးရှိနိုင်ပါ့မလား? ဒီမေးခွန်းတွေ အကုန်လုံးဟာ မေးသင့်မေးထိုက်တဲ့ မေးခွန်းတွေပါ။ ရာသီအစခြေစွမ်းအရ ဝေဖန်သူတွေဖက်က မှန်ကန်တယ်လို့ ထင်နိုင်ပေမယ့် ပရီးမီးယားလိဂ်ဘောလုံးရာသီက အရှည်ကြီးပါ။ တစ်ပွဲလောက်နိုင်ရုံနဲ့ ချန်ပီယံမဖြစ်နိုင်သလို၊ တစ်ပွဲလောက် ရှူံးရုံနဲ့လည်း ဖလားမရနိုင်တော့ဘူးလို့ မဆုံးဖြတ်သင့်ဘူးဆိုတာကို ဝေဖန်သူတွေ သိထားသင့်ပါတယ်။

ချယ်လ်ဆီးကို စတန်းဖို့ဘရစ်ခ်ျမှာ အနိုင်ရအပြီး တိုးတက်လာတဲ့ ခြေစွမ်းတွေနဲ့အတူ အသင်းရဲ့ စိတ်ဓါတ်ဟာလဲ တရှိန်ထိုး မြင့်တက်လို့နေပါတယ်။ ဗန်ပါစီဟာဆိုရင်လဲ ပရီးမီးယားဂ်လိဂ် ဂိုးသွင်းသူတွေထဲမှာ ထိပ်ဆုံးမှာ ရောက်ရှိနေပြီး ပြိုင်ဖက်တိုင်းက မလေးစားလို့မရတော့တဲ့ အခြေအနေမှာပါ။ အခုဆိုရင် အာဆင်နယ်ဟာ ပြိုင်ဖက်တွေ အထင်သေးခြင်းကို ခံနေရတဲ့ နှပ်တွဲလောင်းနဲ့ ကလေး အသင်းမဟုတ်တော့ပါဘူး။ ပြိုင်ဖက်တိုင်းက သတိထားရမယ့်၊ ပြိုင်ဖက်တိုင်းကို အနိုင်ယူနိုင်စွမ်းရှိတဲ့ ထိပ်တန်းခြေစွမ်းရှိအသင်းအဖြစ်ကို ပြန်လည်ရောက်ရှိနေပါပြီ။

ပြီးခဲ့တဲ့ နှစ်တွေမှာအသင်းဟာ ခြေစွမ်းပိုင်းမှာ ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိနေပေမယ့် ငယ်ရွယ်တဲ့ အသင်းသားတွေ အတွက် အရွယ်နဲ့မမျှတဲ့ဖိအားဒဏ်နဲ့ မနိုင်ဝန်ထမ်းခိုင်းသလိုဖြစ်နေတဲ့ ပေါ်လစီတွေကြောင့် အသင်းသားတွေရဲ့ စိတ်တွေဟာ ထိခိုက်လွယ်မှု၊ စိတ်ဓါတ်ကျလွယ်မှုတွေကို ခံစားခဲ့ရပါတယ်။ ဒီနှစ်မှာတော့ ဝါရင့်ကစားသမားတွေ ရောက်ရှိလာမှုက အသင်းသားတွေရဲ့ စိတ်ဒဏ်ရာကိုသာမက ပရိသတ်တွေအတွက်ပါ မျှော်လင့်ချက် အလင်းရောင်ဖြစ်စေခဲ့ပါတယ်။ ဒီနှစ်ဝယ်ယူထားတဲ့ ကစားသမားတွေကို ကြည့်ရအောင်…

 

MIKEL ARTETA

အာဆင်နယ်ကို အာတီတာ ရောက်ရှိလာမှုဟာ ပရိသတ်တွေရင်ထဲက ဝန်ထုတ်ဝန်ပိုးတစ်ခုကို တစ်စိတ်တစ်ပိုင်း ဖယ်ထုတ်ပေးလိုက်သလိုပါပဲ။ ကောင်းမွန်တဲ့ ရွှေ့လျားမှု၊ အသင်းရဲ့ကစားအား အတင်အချကို ထိန်းညှိပေးနိုင်မှုနဲ့ အကွက်မြင်တတ်မှုတွေဟာ ဖာဘရီဂက်စ်ခေတ်အလွန် ဟာကွက်ဖြစ်နေတဲ့ ကွင်းလယ်အတွက် အကောင်းဆုံးမဟုတ်ရင်တောင် အသင်းအတွက်မှန်ကန်တဲ့ ခေါ်ယူမှုတစ်ခုပါပဲ။ သူ့ရဲ့ပြည့်ဝနေတဲ့ အတွေ့အကြုံဟာ တခြားအသင်းသားတွေအတွက် အင်အားတစ်ရပ်အဖြစ်ရှိနေမှာပါ။

EPL အတွေ့အကြုံရှိနေတဲ့ အာတီတာဟာ အာဆင်ဝင်းဂါးရဲ့ အကွက်မြင်တတ်တဲ့ လမ်းညွှန်မှုတွေနဲ့အတူ အလျင်အမြန်အံဝင်ပြီး ခြေစွမ်းအရာမှာလဲ တိုးတက်လာနေပါတယ်။ အခုဆိုရင် အာဆင်နယ်ဟာ ပွဲတိုင်းနီးပါး ဂိုးသွင်းယူနေပါတယ်။ ရရှိနေတဲ့ ဂိုးတွေဟာလည်း အာတီတာရဲ့ စွမ်းဆောင်မှုတွေက အဓိက အစိတ်အပိုင်းအဖြစ်တည်ရှိနေပါတယ်။ အနီးစပ်ဆုံးပြောရရင် ချယ်လ်ဆီးကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ သူဟာ Passing စုစုပေါင်း (72) ကြိမ်ပေးပို့နိုင်ခဲ့ပြီး (6) ကြိမ်သာ မအောင်မြင်ခဲ့ပါဘူး။ အာဆင်နယ်ပရိသတ်တွေအတွက်တော့ အာတီတာလို ကစားသမားမျိုးကို ရရှိထားတဲ့အတွက် ကံကောင်းတယ်လို ဆိုနိုင်ပါတယ်။

 

PER MERTESACKER

အာဆင်နယ်ရဲ့ ဒီရာသီကစားသမား ခေါ်ယူမှုတွေထဲက စိတ်လှုပ်ရှားစရာအကောင်းဆုံး ခေါ်ယူမှုတစ်ခုပါ။ ပြိုင်ဖက်အသင်းအပေါ် လူကျွံဘောဖမ်းကစားရတာကို နှစ်သက်တဲ့ အာစင်ဝင်းဂါးဟာ ယခင်ကဆိုရင် နောက်ခံအတွင်းလူအဖြစ် ခန္ဓာကိုယ်အရွယ်အစား သေးငယ်ပြီး လျင်လျင်မြန်မြန်ရှိတဲ့ ခံစစ်မှူးတွေကိုပဲ ခေါ်ယူခဲ့ဖူးတာပါ။ အင်္ဂလိပ် ကလပ်အသင်းတော်တော်များများရဲ့ နောက်တန်းတွေဟာလည်း လျင်လျင်မြန်မြန်နဲ့ လူကျွံဘောဖမ်းကစားပြီး တစ်ဖက်အသင်းရှေ့တန်းကို Mind Game သဘောမျိုးကစားလေ့ရှိပါတယ်။

သို့သော်လည်း ဂိုးအများစုကို တည်ကန်ဘောတွေကနေပေးခဲ့ရပြီးတဲ့ နောက်ပိုင်းမှာ အာစင်ဝင်းဂါးဟာ မာတီဆက်ကာလို အရပ်ရှည်တဲ့ ကစားသမားမျိုးကို ဝယ်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ မာတီဆက်ကာကို နောက်ခံအတွင်းလူနေရာမှာ ကိုစီယယ်နီ (သို့) ဗာမေလန် နဲ့ တွဲပေးလိုက်တဲ့အခါမှာတော့ အာဆင်နယ် နောက်တန်းဟာ သိသိသာသာကို ကျစ်လျစ်လာပြီး ပေးဂိုးနည်းသွားတာကို တွေ့ရမှာပါ။ လျင်မြန်မှုပြဿနာကလွဲလို့ EPL နဲ့ တဖြည်းဖြည်း အသားကျလာတဲ့ မာတီဆက်ကာဟာ သူရောက်ရှိလာပြီးနောက်ပိုင်းမှာ ပေးဂိုးမရှိပွဲတွေ ရရှိလာအောင် စွမ်းဆောင်မှုမှာ အဓိကကျနေတဲ့အတွက်ကြောင့် သူ့ရဲ့အပြောင်းအရွှေ့ဟာလဲ ကောင်းမွန်တဲ့ပြောင်းရွှေ့မှုတစ်ခုလို့ဆိုနိုင်ပါတယ်။

 

ANDRE SANTOS

ဆန်းတို့စ်အတွက်တော့ အာဆင်နယ်မှာ နေရာရဖို့အတွက် ရုန်းကန်ရနိုင်ပါတယ်။ သူဟာတချို့ပွဲတွေမှာ အရေးပါတဲ့ ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပေမယ့် အာစင်ဝင်းဂါးအဖို့ အသင်းမှာ သူနဲ့အပြိုင်ရွေးချယ်စရာက ရှိလို့နေပါတယ်။ သူ့အနေနဲ့ ကီရန်ဂစ်ဘ်ကို ကျော်ပြီး အသင်းရဲ့ ပထမနေရာကို ယူနိုင်ဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး။ ကီရန်ဂစ်ဘ်ဟာ ငယ်ရွယ်ပေမယ့် တစ်ဖက်အသင်းတောင်ပံတိုက်စစ်ကို ထိန်းချုပ်နိုင်မှု၊ ရှေ့တန်းနောက်တန်း အတက်အဆင်းတိုင်ပင်မှန်မှုနဲ့ ဖြတ်တင်ဘောတွေမှာ ဆန်းတို့စ်ထက်သာတာကို တွေ့ရပါတယ်။ တကယ်လို့သာ သူ့အနေနဲ့ ပထမကစားသမား နေရာကိုယူချင်ရင်တော့ ယခုထက်ပိုပြီး ကောင်းမွန်လာအောင် ကြိုးစားဖို့လိုနေပါတယ်။ ဒါပေမယ့်လည်း သူအသင်းကို ရောက်ရှိလာပြီး ပြသခဲ့တဲ့ ခြေစွမ်းတွေကိုတော့ အသိအမှတ်မပြုလို့မရနိုင်ပါဘူး။

 

YOSSI BENAYOUN

ယခုနှစ်အတွက် တစ်ခုတည်းသော အငှားခေါ်ယူမှုဟာ အများရဲ့ မေးငေါ့စရာ ခေါ်ယူမှုအဖြစ် ရေပန်းစားခဲ့ပါတယ်။ သူ့ဆီကဘာကို မျှော်လင့်လို့ ခေါ်ယူမှာလဲ? ခေါ်ယူဖို့ အကြောင်းပြချက်? ဘယ်ကာလအပိုင်းအခြားထိလဲ? ဘယ်နေရာမှာ အသုံးချဖို့ ခေါ်ယူမှာလဲ? … မေးခွန်းတွေကတော့ များပါတယ်။

ဒါပေမယ့်… ကျွန်တော်တို့သူ့ဆီက အတွေ့အကြုံကို လိုအပ်ပါတယ်။ ဘီနာယောင်လိုမျိုး လီဗာပူးလ်နဲ့ ချယ်လ်ဆီးလို ထိပ်တန်းကလပ်တွေမှာ ကစားဖူးခဲ့သူဆီမှာ အာဆင်နယ်အသင်းအတွက် တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ပိုင်ဆိုင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက အာဆင်နယ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် လူစားဝင်ကစားသမား ရှားပါးမှုကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအချက်ကို သိနေတဲ့ အာစင်ဝင်းဂါးဟာ ဘီနာယောင်ကို အရံကစားသမားအဖြစ်အသုံးပြုဖို့ ခေါ်ယူခဲ့တာ ဖြစ်တဲ့ အပြင် အရေးကြီးတဲ့ တစ်ချက်ရှိပါသေးတယ်။ ချယ်လ်ဆီးလို နာမည်ကြီးကစားသမား အများအပြားရှိတဲ့အသင်းမှာ နေရာပေးခြင်းမခံရတဲ့ ဘီနာယောင်အဖို့ အာဆင်နယ်ကို အငှားနဲ့ ရောက်ရှိလာတာဟာ သူ့အတွက် ကြီးမားတဲ့ အခွင့်အရေးတစ်ခုပါပဲ။ သူသာ မခံချင်စိတ်ရှိမယ်ဆိုရင် အာဆင်နယ်အတွက် ကစားပေးရတဲ့ပွဲတွေမှာ သာမာန်ထက်ပိုပြီး ကြိုးစားအားထုတ် ကစားနိုင်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ထိပ်သီးကလပ် အသင်းနှစ်သင်းမှာ ကစားဖူးတဲ့ သူ့အတွက် သူ့အသင်းဟောင်းတွေရဲ့ အထာကို ကောင်းကောင်းသိနေနိုင်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ သူ့ရဲ့ အတွေ့အကြုံကောင်းတွေကို အာဆင်နယ်ရဲ့ မျိုးဆက်သစ်တွေဖြစ်တဲ့ ဝီရှဲ၊ ရမ်းဆေး၊ ဝေါကော့တို့ ကို လက်ဆင့်ကမ်းခဲ့ဖို့ပါပဲ။

 

JU YOUNG PARK

ဗန်ပါစီအတွက် ဖိအားတွေ လျော့ကျစေဖို့ ခေါ်ယူထားတဲ့ ပတ်ချူယောင်ဟာ သူ့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပွဲအဖြစ် မာဆေးနဲ့ ကစားခဲ့ပြီးပါပြီ။ ဒီပွဲမှာ သူ့ကစားပုံဟာ သိပ်အားရစရာမရှိခဲ့ပါဘူး။ ဒါ့အပြင် သူဟာ အနည်းငယ်ပြာယာခတ်နေပြီး ဘောလုံးအပျက်လဲများနေခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ရဲ့ ပထမဆုံးချန်ပီယံလိဂ် အတွေ့အကြုံဆိုတာကို မမေ့သင့်ပါဘူး။ ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းဟာ တစ်ပွဲတည်းနဲ့ဆုံးဖြတ်ဖို့ဆိုတာ မလုံလောက်ပါဘူး။ သူဟာ ကလပ်အတွက်ရော နိုင်ငံအသင်းမှာပါ အခွင့်အရေးရရင် ရသလို ဘောလုံးကို ဂိုးပေါက်ထဲ ကန်ထည့်တတ်တဲ့ ကစားသမားပါ။ အောက်တိုဘာ (25) ရက်နေ့က ကစားသွားတဲ့ ဘော်လ်တန်နဲ့ ကားလင်းဖလားပြိုင်ပွဲမှာ တော့ သူဟာခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးပါသွင်းယူပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း အသင်းကြီးအတွက်ကစားပေးနိုင်ဖို့က အချိန်အနည်းငယ် စောင့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

သူ့ရဲ့ကစားပုံဟာ အာဆင်နယ်ကစားသမားဟောင်း အက်ဒွာဒို ရဲ့ကစားပုံနဲ့ အတော်လေး ဆင်တူတာကို သတိထားမိပါတယ်။ သူဟာ နေရာလွတ်တွေ ဖန်တီးပြီးရွှေ့လျားကစားတတ်တဲ့ အပြင် တဖက်ဂိုးဧရိယာထဲမှာဆိုရင်လည်း ရလာတဲ့ အခွင့်အရေးတွေကို လက်လွတ်မခံတတ်သူပါ။ သူသာ ဗန်ပါစီနဲ့ အတူတွဲပြီး ရှေ့တန်းမှာ ကစားနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အိပ်မက်တွေ တကယ်ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း ၂၉ ပွဲမှာ ၃၁ ဂိုးအထိသွင်းပေးနေတဲ့ ဗန်ပါစီရှိနေတဲ့ ကစားကွက်ကို ဖျက်ဖို့ဆိုတာက မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရှိလို့နေပါတယ်။

 

GERVINHO

အာဆင်နယ်ကို ရောက်ရောက်ချင်း ကာလမှာ ရုန်းကန်ခဲ့ရပြီး သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေအတွက် ဝေဖန်ခံနေရပေမယ့် နောက်ပိုင်းမှာ သူဟာ ဒါကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ သူရဲ့ကစားပုံဟာ ကောင်းယုံတင်မကပဲ ကြောက်စရာကောင်းတဲ့ အဆင့်မျိုးမှာ ရှိနေတာပါ။ သူရဲ့ရွှေ့လျားနေရာယူမှု၊ လျင်မြန်မှု၊ မမျှော်လင့်တဲ့ ကန်ချက်တွေအပြင် တစ်ဖက်နောက်တန်းကို လျင်လျင်မြန်မြန်လှည့်စားနိုင်မှုတွေဟာ တခြားအသင်းဖော်ကစားသမားတွေထက် သာလွန်နေပါတယ်။

ဒါ့အပြင် သူဟာ လေ့ကျင့်ခန်းဆင်းရာမှာလဲ ဗန်ပါစီနဲ့ အချိန်အဆက်ရယူနိုင်ဖို့၊ နားလည်မှု တိုးပွားလာစေနိုင်ဖို့ အဓိကထား လေ့ကျင့်နေတယ်ဆိုတာ အခုနောက်ပိုင်း ပွဲတွေက သက်သေပြနေပါတယ်။ သူ့ကို ပိုင်ဆိုင်ခွင့်ရထားတာဟာ တန်ဖိုးကြီးစိန် တစ်ပွင့်ကို ရရှိထားသလိုပါပဲ။ ပြိုင်ဖက်နောက်တန်းတွေဟာ ဂျာဗင်ညိုကို ထိန်းချုပ်ဖို့ကြိုးစားနေရင်းကပဲ သူတို့ကိုယ်တိုင် ဂျာဗင်ညိုအတွက် နေရာလွတ်တွေဖန်တီးပေးနေသလိုဖြစ်နေပါတယ်။ သူဟာ ပြိုင်ဖက်နောက်တန်းတွေအတွက် အိပ်မက်ဆိုးတွေကို ဆောင်ယူပေးနိုင်တဲ့ ကစားသမားပါ။ အလွယ်ကူဆုံးပြောရရင်တော့ သူဟာ ဝဲကော့လို လျင်မြန်မှုမျိုးနဲ့ အာရှာဗင်ရဲ့ စကေးကို ပေါင်းစပ်ထားတဲ့ ကစားသမားပါ။

 

CARL JENKINSON

အာဆင်ဝင်းဂါးဟာ ဒီကစားသမားကို အရံကစားသမားအနေနဲ့ အသုံးပြုပြီး အတွေ့အကြုံရယူစေချင်ပုံရပါတယ်။ သို့သော်လည်း ဆက်ညာ ခြေထောက်ကျိုးအပြီးမှာ သူဟာမထင်မှတ်ပဲ ပထမကစားသမားအဖြစ်အလိုအလျောက် ရောက်ရှိလာခဲ့ပါတယ်။ ပထမတန်းမှာသာ ကစားဖူးတဲ့ လူငယ်ကစားသမားတစ်ယောက်ဆီက ဘာမှ မျှော်လင့်ဖို့ မရှိပေမယ့် သူဟာ သူ့ရဲ့ အရည်အသွေးကို အကောင်းဆုံးထုတ်ပြနိုင်ခဲ့ပါတယ်။ တိုက်စစ်ကို လျင်လျင်မြန်မြန်လိုက်ပြီး Overlap လုပ်ကစားနိုင်သလို တစ်ဖက်ရှေ့တန်းရဲ့ တိုက်စစ်ကိုလည်း သူ့ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုပြီး ဟန့်တား ကစားတတ်တဲ့သူပါ။ ဆက်ညာ ပြန်ကောင်းလာတဲ့ အချိန်မှာ အာစင်ဝင်းဂါးအနေနဲ့ သူ့ကို ပထမဦးစားပေးကစားသမားနေရာမှာပဲ ထားမလား၊ ဆက်ညာရဲ့ အရံနေရာမှာပဲ ထားမလားဆိုတာကတော့ အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

 

RYO MIYAICHI

အချိန်၊ အတွေ့အကြုံနဲ့ ကြိုးစားမှုတွေက အရာတိုင်းကို တိုးတက်လာစေနိုင်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဂျပန်လေး မီယာအီချီဟာ ဆိုရင်လည်း အချိန်နဲ့ အမျှ အတားအဆီးမရှိ တရှိန်ထိုး ခြေစွမ်းတိုးတက်လာနေပါတယ်။ သူ့ရဲ့ တိုးတက်မှုတွေကိုလဲ ယမန်နှစ်က ဖီယင်နု အသင်းနဲ့အတူ ယူရိုပါလိဂ်မှာ သက်သေပြခဲ့ပြီးပါပြီ။ အာဆင်နယ်ပထမ အသင်းမှာ အကန့်အသတ်နဲ့သာ ကစားခွင့်ရနေပေမယ့် သူ့ရဲ့ နည်းစနစ်၊ ကြံ့ခိုင်မှုနဲ့ စိတ်ဓါတ်ခိုင်မာမှုတို့ဟာ အခုဆိုရင် တဖြည်းဖြည်း တိုးတက်လာနေပါတယ်။ သူ့ရဲ့ခြေစွမ်းကို အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဗန်ပါစီကိုယ်တိုင် မီဒီယာတွေရှေ့မှာ မကြာခဏ ချီးမွမ်းနေခဲ့ပါတယ်။ သူဟာဥာဏ်ကောင်းပြီး အံ့သြဖွယ်ကောင်းတဲ့ လျင်မြန်မှုနဲ့ နည်းစနစ်ပိုင်း ကျေညက်နေတဲ့ကစားသမားပါ။ သူ့အနေနဲ့လည်း အာဆင်နယ်မှာ အချိန်အကြာကြီးကစားနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

 

ALEX OXLADE CHAMBERLAIN

နွေရာသီခေါ်ယူမှုတွေထဲက ဈေးအကြီးဆုံးပေးပြီး ခေါ်ယူခဲ့တဲ့ ဆယ်ကျော်သက်ကစားသမားဟာ သူ့ရဲ့ ကောင်းမွန်လှတဲ့ခြေစွမ်းတွေကို ပြသပြီး မှန်ကန်တဲ့ ခေါ်ယူမှုဖြစ်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ သူဟာ လျင်မြန်မှုနဲ့အတူ တွန်းတွန်းတိုက်တိုက်ကစားတတ်ပြီး အမှတ်မထင်ကန်ချက်တွေက ဂိုးသမားတိုင်းကို အခက်တွေ့သွားစေနိုင်ပါတယ်။ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ကစားသမား ရှားပါးလာတဲ့ အာဆင်နယ်အတွက် ချိန်ဘာလိန်ရဲ့ အပြောင်းအရွှေ့ဟာ ကောက်ရိုးတစ်မျှင်ပါပဲ။ ရှေ့တန်းမှာ လျင်လျင်မြန်မြန်နဲ့ထိုးဖောက် ကစားနိုင်သလို လိုအပ်ရင်သူဟာ နောက်တန်းအထိဆင်းပြီး ဘောလုံးဖျက်ပေးနိုင်ပါသေးတယ်။ တိုးတက်ဖို့ အများအပြားရှိနေသေးတဲ့ ချိန်ဘာလိန်ဟာ တစ်ချိန်မှာ အာဆင်နယ်ပရိသတ်တွေ နှစ်ခြိုက်တဲ့ကစားသမား အဖြစ်ကို ရောက်ရှိလာမှာပါ။ ဒါကြောင့် ချိန်ဘာလိန်ကို ဝယ်ယူမှုဟာလည်း အားနည်းနေတဲ့ အာဆင်နယ်အတွက် နောက်ထပ်အာစင်ဝင်းဂါးရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။

 

ref: Erik Ian Larsen ၏ Three Months Gone, A Look at Arsenal’s Nine Signings

 


  JP-Bookmark

Comments  

 
+1 #6 MrArsenalCrazy 2011-11-24 12:37
ပြောနေလိုက်ကျတာ အခုကိုးယောက်ထဲမှာ ကစားပုံကိုသေသေချာချာ မမြင်ရသေးတဲ့ကစားသမားတွေရှိနေသေးတယ်လေ
ကစားတာမြင်ပြီးတဲ့သူတွေကတော့ ကောင်းမှန်းသိမှာပေါ့
ဒါပေမဲ့မီယာချီတို့ ချိန်ဘာလိန်တို့ ပတ်ချုယောင်တို့ ကျတော့
ပွဲမှသိပ်ပြီးမထွက်ရသေးတာကစားနေ ရတဲ့သူတွေထက်ကော င်း
မကောင်းမှမသိရသေးတာဗျာ
 
 
+2 #5 ngamaung 2011-11-24 10:27
ကားလ်ဂျက်ကင်ဆန် ၊ ဂျိုရူး၊ အခုညာဖက်ထွက်ကစားနေတဲ့ ကိုစီရယ်နီ အားလုံးဟာ ဆက်ညာ လာရင်ဖယ်ပေးရမှာ ပါ... ကျနော့အမြင်ကတော့  ဆက်ညာဟာ ပရီးမီးယာလိဂ်ရဲ့  အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ယောက်ပါပဲ..
 
 
+4 #4 အဘ 2011-11-24 10:10
Quoting Myu Khoe:
Quoting kyaw:
ဆန်းတိုစ်ကဂဘ်စ် ထက်အများကြီးသာတ ယ်ထင်တာဘဲ


ဟုတ်တယ်ဗျ.. ဆန်းတို့စ်က ဂစ်စ်ထက် တော်တော်လေးသာတယ်ထင်တာပဲဗျာ.. ကိုးယောက်ထဲ အကြိုက်ဆုံးကတော့  ဂျာဗင်ဟိုပဲဗျို့ .. Smile

အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်လည်း ဆန်းတို့စ်ကို ပိုပြီးသဘောကျမိ တယ်ဗျ... သူ့ရဲ့စကေးနဲ့ ဂိုးသွင်းနိုင်ပုံအပြင်

နောက်တန်းမှာ ဘောလုံးလုယူမှုမှာ ဂစ်ဘ်ထက် ပိုကောင်းတယ်...။ ဒါပေမယ့် အတက်အဆင်းမှာ Ovalap လုပ်နိုင်မှုကတော့  နည်းနည်းအားနည်း တယ်ဗျ။

ဒီဆောင်းပါးကလည်း ဘာသာပြန်ထားတာဆိုတော့ မူရင်း စာရေးဆရာ ဆိုလိုချင်တာကို လမ်းကြောင်းမလွှဲ အောင်လို့ ကိုယ်ပြောချင်တဲ့  အချက်တွေ ချန်ခဲ့လိုက်တာဗ
 
 
+4 #3 myo sett 2011-11-24 09:19
အာတီတာ...ဂါဗင်ဟို....မာတီဆက်ကာတို့ကိုဝယ်ယူခဲ့တာတော့ အကောင်း
ဆုံးပါပဲ...ဒီရာသီအတွက်တော့ တကယ်လိုအပ်နေတဲ့ နေရာတွေကိုအကောင်း
ဆုံးအစားထိုးမူပါပဲဗျာ...In Arsene We Trust
 
 
+4 #2 Myu Khoe 2011-11-24 04:29
Quoting kyaw:
ဆန်းတိုစ်ကဂဘ်စ် ထက်အများကြီးသာတ ယ်ထင်တာဘဲ


ဟုတ်တယ်ဗျ.. ဆန်းတို့စ်က ဂစ်စ်ထက် တော်တော်လေးသာတယ်ထင်တာပဲဗျာ.. ကိုးယောက်ထဲ အကြိုက်ဆုံးကတော့  ဂျာဗင်ဟိုပဲဗျို့ ..
 
 
+9 #1 kyaw 2011-11-24 02:38
ဆန်းတိုစ်ကဂဘ်စ် ထက်အများကြီးသာတ ယ်ထင်တာဘဲ