
အခုဆိုရင်အားလုံး စိတ်ဝင်တစားမျှော်လင့်နေတဲ့ ဆောင်းရာသီအပြောင့်အရွေ့ရာသီဖွင့်ချိန်ဟာလည်း နီးကပ်လို့လာပါပြီ။ နှစ်စဉ်နှစ်တိုင်း ဖြစ်နေကျပုံစံလိုပဲ အာဆင်နယ်၊ အာစင်ဝင်းဂါးနဲ့ အပြောင်းအရွေ့ ကောလာဟလတွေကတော့ ပရိသတ်တွေကြား တွင်တွင်ကျယ်ကျယ်ထွက်ပေါ်နေစမြဲပါပဲ။ အသင်းဘုတ်အဖွဲကလဲ ငွေအလုံအလောက်ထုတ်ပေးထားကြောင်း ရိုးအီနေတဲ့ သတင်းတွေကိုလဲ ကြားနေရစမြဲပါပဲ။ နောက်ဆုံးမှာတော့ အာစင်ဝင်းဂါးက နှစ်စဉ်ဖွင့်နေကျ “ ကျွန်တော်တို့ အသင်းလူစာရင်းဟာ လုံလောက်နေပါပြီ၊ စိန်ခေါ်နိုင်စွမ်းရှိနေပါပြီ၊ နောက်ထပ်ကစားသမား ခေါ်ယူဖို့မလိုပါဘူး ” ဆိုတဲ့ မရိုးနိုင်တဲ့ ဓါတ်ပြားဟောင်းကို ပြန်လည်ဖွင့်လိုက်ပြန်ပြီ ဖြစ်ပါတယ်။
ယခုနှစ်ရာသီအစမှာ စိတ်ပျက်စရာခြေစွမ်းနဲ့ အရှက်ရဖွယ်ရာ အရှုံးတွေကြုံတွေ့ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ အခုနောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ အကောင်းဆုံးပုံစံကိုပြန်လည်ရရှိနေပါပြီ။ ဒါပေမယ့် ဒါဟာအင်္ဂလန်မှာ၊ ဥရောပမှာ ချန်ပီယံဆုကိုစိန်ခေါ်နိုင်တဲ့ ခြေစွမ်းတော့မဟုတ်သေးပါဘူး။ ငွေကြေးနဲ့ အောင်မြင်မှုကိုဝယ်ယူလို့ ရနိုင်လားဆိုတဲ့ မေးခွန်းအတွက် အဖြေဟာ မသေချာပေမယ့်၊ ယနေ့ခေတ် မော်ဒန်ဘော်လုံးလောကမှာတော့ ငွေကြေးဟာ အောင်မြင်မှုရဲ့ အဓိကအုတ်မြစ်ပါပဲ။ ဒါကို ပရော်ဖက်ဆာကြီး အာစင်ဝင်းဂါးက မသိမှာမဟုတ်ပါဘူး။ ထို့အတူ စီးပွားရေးအကွက်မြင်လှတဲ့ အာဆင်နယ်ဘုတ်အဖွဲကလဲ မသိမှာမဟုတ်ပါဘူး။ ဒါဆိုရင် ငွေမသုံးတဲ့ရည်ရွယ်ချက်ဟာ အာစင်ဝင်းဂါးပြောခဲ့တဲ့အသင်းရဲ့လူစားရင်းဟာ အင်အားဖြည့်တင်းဖို့ မလိုပါဘူး ဆိုတာ တကယ့်အဖြေလား ဆိုတာကို ဆန်းစစ်ကြည့်ဖို့လိုလာပါလိမ့်မယ်။
လက်ရှိအချိန်မှာ ထက်မြက်နေတဲ့ အာဆင်နယ်တိုက်စစ်မှာ အဓိကဂိုးသွင်းယူနေတာကတော့ ဗန်ပါစီပါပဲ။ ဒါပေမယ့် ဗန်ပါစီမှာလည်း ဒဏ်ရာအနာတရတွေရှိလာနိုင်သလို ခြေစွမ်းကျနေတဲ့ နေ့ရက်တွေလည်းရှိလာနိုင်မှာပါ၊ အဲဒီနေရာအတွက် အစားဝင်မယ့် ချာမက်နဲ့ ပက်ချူယောင်ဟာ လုံလောက်တဲ့ အဖြေမဟုတ်ပါဘူး။ နောက်ထပ် ကွင်းလည်တိုက်စစ်( Attacking Midfielder ) အဖြစ်ကစားတဲ့ အာရွမ်ရမ်ဆေးဟာ ကစားသမားကောင်းတစ်ယောက်ဖြစ်ပေမယ့် ထိပ်တန်းအသင်းကြီးတစ်သင်းရဲ့ အဓိကကစားသမားတစ်ယောက် ဖြစ်ဖို့အထိတော့ လိုအပ်နေပါသေးတယ်။ ဒဏ်ရာကြောင့်အနားယူနေရတဲ့ ဂျက်ဝီရှီးယား ဟာလဲ ဗဟိုကွင်းလယ်လူ ( Central Midielder ) အဖြစ် ပိုမိုသင့်တော် တဲ့ကစားသမားဖြစ်ပါတယ်။ ဒီနေရာအတွက် အာစင်ဝင်းဂါးဟာ အီဒင်ဟားဇက်ကို ခေါ်ယူဖို့ဆက်သွယ်ဖူးခဲ့ပေမယ့် ဒီကစားသမားရဲ့ ပြောင်းရွေ့ကြေးက အတားအဆီးတစ်ခုဖြစ်နေခဲ့ပါတယ်။
ကွင်းလယ်အဖျက်ပိုင်းမှာ အဲလက်စ်ဆောင်းဟာ အကောင်းဆုံးခြေစွမ်းပြနေပြီး၊ ဒီယာဘီကလဲ သူ့နေရာမှာ ၀င်ကစားနိုင်တဲ့အပြင် လူငယ်ကစားသမားတွေဖြစ်တဲ့ ကိုကွီလင်၊ ဖရင်ပေါင်တို့ဟာလဲ တောက်မယ့်မီးခဲ တစ်ရဲရဲဖြစ်နေတဲ့အတွက် အာစင်ဝင်းဂါးအနေနဲ့ ကွင်းလယ်အဖျက်ပိုင်းကို မျက်ကွယ်ပြုထားရင်ရပါသေးတယ်။ ဒါပေမယ့် တောင်ပံတိုက်စစ်မှာ ပုံမှန်ကစားနေတဲ့ ဂျာဗင်ညို၊ ဝေါလ်ကော့ တို့ဟာ ထက်မြက်တဲ့ခြေစွမ်းရှိသူတွေဖြစ်ပေမယ့် ခြေစွမ်းတည်ငြိမ်သူတွေတော့ မဟုတ်ပါဘူး။ အာရှာဗင်ဟာလဲ အကျပိုင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။ လူငယ်ကစားသမားလေးဖြစ်တဲ့ ချိန်ဘာလိန်ကို ဒီတာဝန်တွေ အကုန်ယူခိုင်းမယ်ဆိုရင် ဖိအားပေးလွန်းရာကျပါလိမ့်မယ်။ အာစင်ဝင်းဂါးအနေနဲ့ ဂေါ့ဇီလို ဖန်တီးမှုအားကောင်းပြီး အနာဂတ်အလားအလာကောင်းတဲ့ ကစားသမားမျိုးကိုလဲ ဘယ်တောင်ပံတိုက်စစ်တစ်နေရာအတွက် ခေါ်ယူသင့်ပါတယ်။
ခြုံငုံသုံးသပ်ရရင် အာဆင်နယ်အသင်းဟာ နောက်ရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်စိန်ခေါ်ချင်တယ်ဆိုရင်၊ ထိပ်ဆုံးလေးသင်းအဆင့်နဲ့ တင်းတိမ်နေရတဲ့ အဖြစ်ကရုန်းထွက်ချင်တယ်ဆိုရင်တော့ လာမယ့်ဆောင်းရာသီကတည်းက ကစားသမားအင်အားဖြည့်တင်းဖို့လိုပါလိမ့်မယ်။ နောက်တစ်ကြိမ် အရှက်တကွဲဖြစ်ပြီးမှ လူဝယ်ရတဲ့အဖြစ်မျိုးကိုလည်း ပရိသတ်တွေအနေနဲ့ ထပ်မြင်ချင်တော့မှာမဟုတ်ပါဘူး။ ဒါ့အပြင်အသင်းရဲ့ အဓိကကစားသမားတွေ (အထူးသဖြင့် ဗန်ပါစီ) ကိုလည်း လက်လွတ်ရပါလိမ့်မယ်။ ၀င်းဂါးအနေနဲ့ အရင်လိုပဲ ဆက်လက်ခေါင်းမာနေဦးမလား၊ သူ့ရဲ့ ပေါ်လစီကိုပြောင်းလဲပစ်မလား ဆိုတာကတော့ စိတ်ဝင်စားဖွယ် ပုစ္ဆာတစ်ပုဒ်ဖြစ်လို့လာပါတော့တယ်။ ကန်တင်ပြေးစနစ်နဲ့ အသားကျနေတဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကို အနုပညာမြောက်တဲ့ တိုက်စစ်ကစားဟန် သယ်ဆောင်လာပေးခဲ့တဲ့ ပရော်ဖက်ဆာကြီး အာစင်ဝင်းဂါးရဲ့ အနုပညာမြောက် တိုက်စစ်ကစားဟန်နဲ့ ထိပ်တန်းကစားသမားတွေရဲ့ တွဲဖက်မှုကိုမျှော်လင့်ရင်း လာမယ့်ဆောင်းရာသီအပြောင်းအရွေ့ကာလမှာ ဘာတွေဖြစ်ဦးမလဲ စောင့်ကြည့်ဖို့သာရှိပါတော့တယ်။
Comments
ဗန်ပါစီ နေရာအား အစားထိုးကစားနို င်မယ့်သူ ၁ ယောက် မဖြစ်မနေ ကြိုတင်ပြီး ဝယ်သင့်ပါတယ်
အဲတော့....အသုံးတည့်နိုင်မ ယ်ထင်တဲ့ ပိုဒေါလ်စကီးကို ၀ယ်ရင် ကောင်းမယ်ဗျာ
RSS feed for comments to this post.