အာဆင်နယ်အသင်းအနေနဲ့ ဗန်ပါစီကို ရောင်းထုတ်ပြီး ရတဲ့ငွေနဲ့ အသင်းကို ပြန်လည် တည်ဆောက်သင့်တယ်လို့ အာဆင်နယ် ကစားသမားဟောင်း ရေးပါလာက ထုတ်ဖော် ပြောကြားလိုက်သည်။

ရော်ဘင်ဗန်ပါစီသည် အာဆင်နယ်အသင်းနှင့် ထပ်မံသက်တမ်း မတိုးတော့ဟု ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ကြော်ငြာချက် ထုတ်ခဲ့သည်။
ထို့ကြောင့် အာဆင်နယ် အသင်းအနေဖြင့် ဗန်ပါစီအား စာချုပ်သက်တမ်းလက်ကျန် တစ်နှစ်ဆက်လက် ထားမည်လား၊ သို့မဟုတ် ရောင်းထုတ်မည်လား ဆုံးဖြတ်ရမည် ဖြစ်သည်။ ရောင်းထုတ်မည်ဆိုပါက ယခုအချိန်တွင် ဈေးကောင်း ရတော့မည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဂျူဗင်တပ်အသင်းက ပေါင်၈သန်းခန့်ဖြင့်သာ ဗန်ပါစီအား ကမ်းလှမ်းထားသည် ဟု သတင်းများက ဆိုသည်။ ရေးပါလာက အာဆင်ဝင်းဂါးအနေဖြင့် ဗန်ပါစီအား ရောင်းထုတ်သင့်ပြီး ရရှိသော ငွေဖြင့် အသင်းအား ပြန်လည် တည်ဆောက်သင့်သည်ဟု ဆိုလိုက်သည်။ ပြီးခဲ့သော ရာသီက ဖားဘရီးဂတ်စ်နှင့် နာဆရီတို့ကဲ့သို့ မဖြစ်စေရန် အဆောတလျင် ရောင်းထုတ်သင့်ပြီ ဟုဆိုလိုက်သည်။
ပါလာက ``အခုအချိန်မှာ အာဆင်နယ်အသင်းအနေနဲ့ လုပ်သင့်တာက ဈေးအများဆုံး ပေးတဲ့သူကို ရောင်းထုတ်လိုက်တာပါပဲ။ နှစ်ဆယ့်ငါးသန်းရမလား၊ သန်းသုံးဆယ် ရမလား၊ ရတဲ့ ပိုက်ဆံကို အသင်းမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံရပါမယ်။ မနှစ်က ဖားဘရီးဂတ်စ်နဲ့ နာဆရီနဲ့ကို ရောင်းပြီး ရခဲ့တဲ့ငွေတွေကို ဘဏ်ထဲ ထည့်ခဲ့သလိုမျိုး မဟုတ်ဘဲနဲ့ (ဗန်ပါစီကို ရောင်းလို့) ရလာတဲ့ငွေကို အသင်းမှာ ပြန်ပြီး ရင်းနှီးမြှုပ်နှံမှုပြုဖို့က အာဆင်နင် ပရိသတ်တွေအတွက် အရေးအကြီးဆုံးပါပဲ´´ ဟုပြောကြားခဲ့သည်။
ဆက်လက်ပြီး ``ဈေးကွက်ထဲမှာ အကောင်းဆုံးသော ၀ယ်ယူမှုတွေ ပြုလုပ်ရမှာပါ။ တကယ်လို့ နယူးကာဆယ်က ဆစ်ဆေးလို ကစားသမားကို ၀ယ်လိုက်ရင် ပရိသတ်က ဗန်ပါစီကို မကြာခင် မေ့သွားမှာပါ။´´ ဟု မှတ်ချက်ပေးခဲ့သည်။
ဗန်ပါစီအနေဖြင့် တပတ်လစာ ပေါင်နှစ်သိန်းဖြင့် ကမ်းလှမ်းနေသော မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ဖွယ် ရှိသည်ဟု သတင်းများက ဆိုကြသည်။
အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်က ဗန်ပါစီအနေဖြင့် သူ့၏ဆုံးဖြတ်ချက်အတွက် နောင်တ ရနေလိမ့်မည်ဟု ပြောကြားလိုက်သည်။
``အာဆင်နယ်အသင်းကနေ ထွက်ခွာသွားပြီး နောင်တမရဘူးဆိုတဲ့ ကစားသမား အလွန်ရှားပါတယ်။ ဒီအသင်းဟာ အင်မတန်အံ့သြစရာကောင်းတဲ့ အသင်းပါ။ ပြီးပြည်စုံတဲ့ အသင်းတစ်သင်းပါ။ သူ့ကို ဒီမှာပဲ ရှိနေစေချင်ခဲ့ပါတယ်။´´ ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး ဗန်ပါစီအား ရာသီမစမီရောင်းထုတ်သင့်ပြီး အကယ်၍ရောင်း မထုတ်ဖြစ်ခဲ့ပါက ပရိသတ်များ၏ ညိုညင်ခြင်းကို ခံရမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
``သူ့ကို မရောင်းဘဲနဲ့ နောက်ရာသီမှာ ပြန်ကစားမယ်ဆိုရင် ပရိသတ်က ဒဏ်ခတ်ပါလိမ့်မယ်။ ပရိသတ်တွေ အလွန်အမင်း စိတ်ပျက်ပါလိမ့်မယ်။ သူဟာ ကမ္ဘာ့အဆင့်ကစားသမား တစ်ယောက်ပါ´´ ဟု ပြောကြားလိုက်သည်။
အာဆင်နယ် တိုက်စစ်မှုးဟောင်း အလန်စမစ်က ဗန်ပါစီအနေဖြင့် မန်စီးတီးကဲ့သို့သော အသင်းများက လစာငွေ အမြောက်အများဖြင့် ကမ်းလှမ်းခဲ့သည့်အတွက် ငွေရေးကြေးရေးကြောင့် ပြောင်းရွှေ့ခခြင်း ဖြစ်သည်ဟု မည်သို့မျှမယုံကြည်နိုင်ကြောင်း ပြောကြားလိုက်ပါတယ်။
သူက ``ဗန်ပါစီနဲ့ ရင်းနှီးတဲ့သူတွေဆီက ကြားရတာကတော့ သူဟာ ငွေရေးကြေးရေး ဂရုစိုက်သူ မဟုတ်ပါဘူးတဲ့။ သူ့အသက် ၂၈ရှိပြီဆိုတော့ ဆုဖလားတွေကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ သူဟာ သူ့ရဲ့ ခြေစွမ်းအမြင့်ဆုံးနှစ်တွေကို ရောက်ရှိနေတာပါ။ သူ့အနေနဲ့ ခြေစွမ်းကောင်းကောင်းပြနိုင်မယ့် လာမယ့်နှစ်အနည်းငယ် အတွင်းမှာ ဆုဖလားတွေ ရချင်နေမယ်ဆိုတာကို ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပါတယ်´´ ဟုပြောကြားခဲ့သည်။ ဆက်လက်ပြီး
``ဒါပေမယ့် ဒီကိစ္စဟာ အာဆင်နယ်အသင်းကို သက်ရောက်မှု မရှိပါဘူး။ အာဆင်နယ်အသင်းအနေနဲ့ ကြည့်မယ်ဆိုရင် အလွန်စိတ်ပျက်စရာကောင်းတဲ့ ကိစ္စပါ။ ဗန်ပါစီအနေနဲ့ သူ့အသက် ၂၈၊ ၂၉၊ ၃၀ ဖြစ်လာတော့မယ့် နောင်လာမယ့် နှစ်တွေမှာ အာဆင်နယ်ဟာ ဖလားမရနိုင်တဲ့ အသင်းလို့ ထင်သွားခဲ့တာပါပဲ။ ခင်ဗျားအနေနဲ့ မပြောပေမယ့်၊ ဗန်ပါစီနဲ့ သဘောထားချင်း တူချင်တူနေပါလိမ့်မယ်´´ ဟုပြောကြားခဲ့သည်။
ဗန်ပါစီထွက်ခွာသွားခြင်းကြောင့် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေနဲ့ အာဆင်နယ်အသင်းတို့ကြား ကွားခြားချက် ကြီးမားသွားနိုင်ခြင်းအတွက် စိုးရိမ်မိကြောင်း စမစ်က ဆက်လက်ပြောကြားခဲ့သည်။ အာဆင်ဝင်းဂါး အနေဖြင့် ပိုလ်ဒေါစကီးနှင့် ဂီးရော့တို့ကို ၀ယ်ယူအားဖြည့်ခဲ့သော်လည်း ဗန်ပါစီ၏ ခြေစွမ်းပြမှုမျိုးကို အစားထိုးနိုင်ခြင်း မရှိနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
``အာဆင်ဝင်းဂါးအနေနဲ့ အများကြီး စဉ်းစားရတော့မှာပါ။ သူက ဂီရော့နဲ့ ပိုလ်ဒေါစကီးတို့ကို ၀ယ်ယူခဲ့ပေမယ့် ဗန်ပါစီရခဲ့တဲ့ သုံးဆယ့်ခုနစ်ဂိုးဆိုတာကြီးကို အစားထိုးနိုင်ပါ့မလား။ အာဆင်နယ်အတွက်တော့ မိအေးနှစ်ခါနာ ဖြစ်ရတာပါ။ အသင်းအနေနဲ့ တိုက်စစ်မှုးအပြင် အသင်းခေါင်းဆောင်ကောင်း တစ်ယောက်ကိုပါ ဆုံးရှုံးခဲ့ရပါတယ်။ မနှစ်က မန်စီးတီးအသင်းအနေနဲ့ အာဆင်နယ်အသင်းကို ဖြတ်ခဲ့တဲ့ အမှတ်တွေကို ဒီနှစ်မှာ ပြန်လိုက်ဖို့ တော်တော်ခက်ပါလိမ့်မယ်။ အာဆင်နယ်အနေနဲ့ အခွင့်အရေးမရှိဘူးလို့တော့ ကျွန်တော် မပြောချင်ပါဘူး။´´ ဟုဆိုသည်။
Ref: www.soccernet.com
Comments
ပြောချင်တာကတော့ .. ပေါချောင်ကောင်း ဆိုတဲ့ ကစားသမား မရှိတော့ပါဘူး.. ဈေးပေါရင်.. ကစားသမား က တန်းမ၀င်.. တန်းဝင်တဲ့ ကစား သမားကလဲ ဈေးပေါပေါနဲ့  မရတော့ပါဘူး..... ၀င်းဂါးရေ.. အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် မြန်မြန် သွက်သွက် လေး လှူပ်ရှားစေချင် တယ်....
RSS feed for comments to this post.