တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် (၉း၃၀)နာရီမှာ အာဆင်နယ်အသင်းဟာ ဘော်လ်တန်အသင်းကို သူတို့ရဲ့ အိမ်ကွင်း The Reebok Stadium မှာ သွားရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ချန်ပီယံမျှော်လင့် ရေးရေး ရှင်သန်ဖို့အတွက် ကြိုးစား ရမယ့် အာဆင်နယ်အသင်းဟာ ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့သလို ဘော်လ်တန်အသင်းကလည်း ၄-၄-၂နဲ့ ပွဲထွက် လာခဲ့ပါတယ်။



အာဆင်နယ်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှုအသာနဲ့ စစ်မျက်နှာဖွင့်ဖို့ ကြိုးစားခဲ့သလို ဘော်လ်တန် အသင်းကလည်း ခံစစ်အသွင်နဲ့ တန်ပြန်တိုက်စစ်ကိုသာ ဦးစားပေးကစားလာခဲ့ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဘော်လ်တန်အသင်းရဲ့ ခံစစ်ကကောင်းမွန်နေတာကြောင့် ဂိုးသွင်းယူဖို့ ခက်ခဲနေသလို တိုက်စစ်မှူးတွေကလည်း ဂိုး ပျောက်ဆုံးနေတာကို တွေ့မြင်ရပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဂိုးသွင်းယူဖို့ ကြိုးစားနေပေမယ့် မမျှော်လင့်ဘဲ ဦးဆောင်ဂိုးရသွားတာက ဘော်လ်တန်အသင်းပဲ ဖြစ်ပါတယ်။ ပွဲချိန်(၃၈) မိနစ်မှာ ထော့င်ကန်ဘောကနေ တဆင့် စတူးရစ်ခ်ျက ဘော်လ်တန်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာပဲဖြစ်ပါတယ်။ ဦးဆောင်ဂိုးပေးလိုက်ရတာ ကြောင့် အာဆင်နယ်အသင်းဟာ တိုက်စစ်ဖွင့်ခဲ့ပေမယ့် ဘော်လ်တန်အသင်းရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ပထမပိုင်းမှာ (၁-၀)နဲ့ ပြီးနေပါတယ်။